Saturday, January 5, 2013 | By: Nwae Oo May

★“ အတုမဲ့ ”♪♫


မေမေ …
သားသိပ်ချစ်တယ် မေမေရယ်…
မေမေဟာ.. သားတို့ အတွက်တော့.. စံပြ မိခင်ကောင်း….
နှစ်တွေ အလီလီဟောင်းနွမ်းလို့.. သက္ကရာဇ်တွေ .. အကြိမ်ကြိမ် ပြောင်းရွေ့သွားပါစေ…
မေမေ့ မေတ္တာတွေကတော့.. ထာဝရ နုပျို လန်းဆန်းနေမှာကို..
သားလေး ယုံကြည် မြတ်နိုးပါတယ် မေမေ…။
မေမေ….
ဖေဖေ ရှိစဉ်.. ကာလတုန်းက..
ပန်းကလေး တစ်ပွင့်လို.. နုနယ်ခဲ့တဲ့.... မေမေ…
အခု ဖေဖေ မရှိတော့တဲ့ အချိန်မှာလည်း… စမ်းချောင်းကလေးလို.. အေးမြဆဲပါပဲ….။
မေမေ..
ဖေဖေ့ အရိပ်မှာ အပူပင်မဲ့စွာ နေခဲ့ရချိန်… ကတည်းက..
မျက်နှာတစ်ချက် အညှိုး မခံခဲ့ပေမဲ့… မေမေကလည်း.. ဖေဖေ့အပေါ်… မဆိုးခဲ့ဘူးနော်…
ဖေဖေ့ကို.. အားကိုး မှီတွယ်. ချစ်ခင်ခဲ့တဲ့ မေမေဟာ.. သားတို့ အပေါ်ကျတော့လည်း… ကြင်နာစွာ… အလိုလိုက်… ချစ်ခင်ပေးနိုင်လွန်းခဲ့ပါတယ်..
မေမေ..
မွန်ရည် လှတဲ့.. မေမေ့မျက်နှာ လပြည့်ဝန်းဟာ.. နူးညံ့မှုတွေ လွှမ်းခြုံနေခဲ့ပါတယ်….
ဂရုဏာမျက်ဝန်းတွေက…  အကြင်နာ အရိပ်တွေ…. စိမ့်စီး ယိုကျ.. ပေးဝေနေတတ်ပါတယ်...…
မေမေ့ ရဲ့.. ဖူးစို ပြည့်ဝန်းတဲ့… ပန်းနုရောင်နှုတ်ခမ်းလေးတွေဟာ..
ညင်သာတဲ့ စကားလေးတွေနဲ့.. အသံမာမာတောင်.. မပြောတတ်ခဲ့ပေမယ့်….
တင်းမာ ပြတ်သားသူတွေမှာ ရှိတတ်တဲ့… နှုတ်ခမ်းပါးမျိုး.. မေမေ့မှာ ရှိမနေခဲ့ပေမယ့်လည်း…
မေမေရဲ့ နူးညံ့တဲ့.. နှုတ်ထွက်စကား တစ်ခွန်းဟာ.. သားတို့အတွက်.. အတည်ပြုချက်ပါပဲ မေမေ..
တက်ကြွရိပ်ကဲတဲ့.. ရဲရဲတောက်စကားတွေ.. မေမေ့ထံမှာ ကြားရလေ့ မရှိခဲ့ပေမယ့် …
ညှိုးလျ ငြီးငြူ စကားမျိုးလည်း..မေမေ ပြောလေ့ မရှိခဲ့ဘူးလေ..
ဘ၀ရဲ့ အပြင်းထန်ဆုံး ထိုးနှက်ချက်.. လောကဓံ ရဲ့.. ရိုက်ချက် ပြင်းပြင်းတွေ အောက်မှာ..
လူးလူးလှိမ့်လှိမ့်… ပြိုလဲကျမတတ်… ခံစား.. ရပ်တည်နေခဲ့ရပေမယ့်.. အားမပျက်ခဲ့တဲ့.. မေမေ…
သားတို့ ရှေ့မှာလည်း… တစ်ချက်ကလေးမှ.. အပြုံးမပျက်ခဲ့တာ….
မေမေ ငိုမှ ငိုတတ်ပါရဲ့လား….?
သားတို့ရဲ့… ချမ်းမြေ့သာယာတဲ့ မိသားစု ဘ၀ကလေးထဲကနေ.. ဖေဖေ တစ်ယောက် .. အသေချာ ခွဲထွက်သွားရတော့မယ် ဆိုတာကို… တစ်နှစ်ခွဲလောက်.. ကြိုသိခဲ့ရပေမဲ့.. မေမေ မျက်ရည် ကျတာကို.. သားတို့ မြင်ဖူးခွင့်.. မကြုံခဲ့ရ…။
မေမေ ဘယ်အားမာန်တွေနဲ့များ.. ကြံ့ကြံ့ ခံခဲ့ပါသလဲ မေမေရယ်…။
ပြုဖွယ် ကိစ္စ မှန်သမျှ…. မလစ်ဟင်းစေရ…။
ဆေးရုံဆေးခန်းတွေမှာ တစ်ပါတ်.. အိမ်ကလေးထဲမှာ.. တစ်ပါတ် နဲ့… လှည့်လည်ရင်း…. သေမင်းနဲ့ စစ်ခင်းနေခဲ့ရတဲ့.. ဖေဖေ့ အတွက်လည်း ၀တ္တရား မပျက်စေရ….။
ကျောင်းအတန်းကလေး အတန်အသင့်ရလာလို့… အလယ်တန်းကျောင်း ရောက်စ ပြုနေတဲ့.. သားတို့ နှစ်ယောက်အတွက်လည်း..
မလစ်ဟင်းစေရ…။
နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီကြီး တစ်ခုမှာ.. HR & Admin Manager ဆိုတဲ့.. ရာထူးကြီးကြီး တစ်ခုရဲ့…. လုပ်ငန်း တာဝန် မှန်သမျှကိုလည်း မပျက်ကွက်စေခဲ့ရ…။
သိမ်မွေ့ နူးညံ့လွန်းတဲ့.. မေမေ…
ဘယ်လိုတွေများ ရင်ဆိုင် ရုန်းကန်ခဲ့ပါသလဲ မေမေရယ်….။
မေမေ… ရေ… !
ဖေဖေ မဆုံးပါးခင်က.. ငယ်ရွယ်လွန်းသေးလို့…. ဘာမှ မသိတတ်ခဲ့သေးတဲ့ သားတို့…..။
မေမေ့ အပြုံးမျက်နှာလေးကို.. မြင်နေရတိုင်း… မေမေ့မှာ ပျော်ရွှင်နေခဲ့တယ်လို့.. သားတို့ ထင်မှတ်ခဲ့ဖူးပါတယ် မေမေ…။
ငြီးငြူ ငေါက်ငမ်းသံ.. တစ်ချက် မကြားရတိုင်း…. မေမေ့မှာ.. အရာရာ အဆင်ပြေနေခဲ့တယ်လို့.. သားတို့ ထင်မှတ်ခဲ့မိပါတယ်.. မေမေရယ်….။
အခုတော့…
သား…  သိပါပြီ…. မေမေရယ်…။ သားကို .. ခွင့်လွှတ်ပါနော်….။
သားတို့ အတွက်.. တံတိုင်း တစ်ခုလို.. ကာရံထားပေးခဲ့တဲ့.... မေမေ့ ရဲ့.. အားမာန်တွေ…။
မေမေ စိတ်မပျက်စေရပါဘူး နော်…။
 “မေမေ့ ဘ၀ အတွက် ဘာမှ မလိုပါဘူး..။ သား တို့ ဘ၀တော့ လှမှ ဖြစ်မယ်.. ပညာနဲ့ပဲ.. ဘ၀ရပ်တည်နိုင်မှ မေမေ စိတ်ချနိုင်မယ်နော်”.. ဆိုတဲ့ စကား… သားရဲ့…  နားနဲ့ ကြားခဲ့ရပေမဲ့… သားရဲ့.. နှလုံးသားမှာ.. ထာဝရ သိမ်းဆည်းထားပါတယ် မေမေ…။
သိပ်.. မကြာတော့ဘူးလေ မေမေ..။ မကြာခင် ကာလ.. နောက် လေး.. ငါး .. ခြောက်နှစ်ဆို… သားတို့ အရွယ်ရောက် လူလားမြောက်ပါပြီ…။ ဆိုခဲသလောက် မြဲခဲ့တဲ့.. မေမေ့စကား နဲ့ ရည်ရွယ်ချက်တွေ အတိုင်း သားတို့ လူလားမြောက်အောင် ကြိုးစားပါ့မယ် မေမေ…။
မေမေ…
မေမေ့ ဘ၀အမောတွေလည်း … သိပ်မကြာခင်.. ကာလတစ်ခုမှာ... ပြေပျောက်စေရမှာပါ မေမေ…။ သားတို့ရဲ့.. တစ်ဖန်တစ်လှည့် တာဝန်ယူမှုတွေမှာ… မေမေ တစ်ယောက် အပန်း ပြေရခါ နီးပါပြီနော်…။
မကြာခင် ကာလမှာ.. မေမေ မွေးပေးခဲ့တဲ့… ဖ၀ါး လက်နှစ်လုံးလေးက စခဲ့တဲ့.. သားတို့ရဲ့.. သန်မာတဲ့…. ခြေထောက်တွေနဲ့..
ကမ္ဘာကို ပတ်မယ် မေမေ…။
မေမေ ပေးခဲ့တဲ့… ပခုံးနှစ်ဘက်ကနေ ဆင့်ပွားလာတဲ့ .. လက်နှစ်ဘက်နဲ့…. မေမေ တ,လိုက်မိတိုင်း… ရရှိနိုင်အောင်.. ဖန်ဆင်းပြီး… မေမေ့ဘ၀ကလေး… အေးချမ်းစေရပါ့မယ်….။
ဘ၀ အမောရဲ့.. သောက အပူလှိုင်းတွေကြားမှာ.. မငြီးငြူစတမ်း.. အားမာန်ထားခဲ့တဲ့..  မေမေရဲ့.. ကျေးဇူးတွေ… မကျေနိုင်မှန်း သိပေမဲ့လည်း… မေမေ ရင်ဝမ်း.. ငြိမ်းချမ်းစေရအောင်.. တစ်ပြန်တစ်လှည့်.. သား ပြန်ဆပ်ခွင့်.. ပြုလှည့်ပါနော်……။
ဒီသားလေးရဲ့… ချွေးစက်တွေနဲ့.. ရင်းနှီးလဲလှယ်လို့... မေမေ့ နှလုံးအိမ်က.. မျက်ရည်စက်တွေ.. ခန်းခြောက်ကာ… ဘ၀ကန္တာရထဲက.. အိုအေစစ်ကလေး တစ်ခုရဲ့.. ရပ်ဝန်းမှာ.. မေမေ ရောက်ရှိ.. ပျော်ရွှင်စေရပါ့မယ်လို့.. သားလေး ကတိပြုပါတယ် မေမေ…..
သားရဲ့… မေမေ..  ပျော်ရွှင်နိုင်ပါစေ…။
နှလုံး စိတ်ဝမ်း အေးချမ်းရပါစေ…..။
ချမ်းမြေ့ .. နှစ်ခြိုက်စွာ.. အိပ်စက် ပျော်ပါစေ.. သားတို့ ချစ်တဲ့ မေမေရယ်….။
(သားတစ်ယောက်၏ ဖွင့်ဟ ၀န်ခံချက်)

ထာဝရ "နွေဦးမေ"


1 comments:

Anonymous said...

ကဗျာတွေကကောင်းပါတယ်မမ....တစ်ခုတော့ရှိတယ်..မကဗျာတွေထဲက..အတုမဲ့ကဗျာစာသားတွေကောင်းပေမယ့်..စာစီတာစာကြောင်းတွေရှည်လွန်းနေတယ်မမ...ပြီးတော့...နည်းနည်းမော်ဒန် ဆန်လိုက်ရင်မမကဗျာတွေပုကောင်းမယ်လို့ထင်ပါတယ်ဗျာ...မောင်လေးကအကြံပေးတာနော်..မမ..ဆရာလုပ်တာမဟုတ်ပါဘူး...ပျော်ရွှင်ပါစေနော်...။

Post a Comment

ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။