Tuesday, October 23, 2012 | By: Nwae Oo May

★ "အဖြူရောင် သံယောဇဉ်"♪♫

အဖြူရောင် သံယောဇဉ်လေးရေ...
ဒီမြေကမ္ဘာရဲ့…  တစ်နေရာမှာ ...
မင်းရှိနေတယ်ဆိုတဲ့…  အသိအတွေးနဲ့တင်...
ငါလေ.. တိတ်တိတ်ကလေး ... ပျော်ရွှင်နေနိုင်ခဲ့ပါတယ်….။

စမ်းလသော်တာ…  ရွှန်းလဲ့ဖြာလက် …
အအိပ်ခက်ည…  ဆုံဆည်းရစဉ်... တွယ်ငြိခဲ့သော…  
သံယောဇဉ် အဖြူရောင် …  ကမ္ဘာတည်အောင် ...
ရှည်လိမ္မယ်လည်း … ငါ မမျှော်လင့်ရဲခဲ့ရိုး အမှန်ပါ….။

တစ်နေ့ တစ်ရက် … အမေ့ခက်လို့…
ဆုံရက်တွေလဲ... ဆက်ခဲ့တယ်…
အမှတ်မထင်…  ဆုံစဉ်ခဏ ...
ထင်ကျန်ရသော…  သံယောဇဉ်.....
ဖြတ်ရန်ပင်….  ခက်လှချည်ရဲ့…
ဒီထိ ငြိမယ်… မမျှော်မှန်းလဲ ….
ရော်ရမ်းလို့တော့ လွမ်းတတ်ပြီ....။

တစ်ပေါက်ချင်း... စုသည့်   ရေ …းမေ
ပေါင်းဆုံဖွဲ့ဆင်း… မြစ်တစ်စင်းရဲ့ သံစဉ်…
ရင်ခွင်မှာ ပွေ့... ပျော်ပိုက်မွေ့လျော်…
တို့နေပျော်တယ် … အဖြူရောင်လွှမ်း….
အလွမ်းဝေသော သံယောဇဉ် ….။
 "နွေဦးမေ"

★" ကဗျာ (သို့) ရင်ဖွင့်သူ"♪♫

ကဗျာဟာ.. ငါလား…
ငါဟာ.. ကဗျာလား…
ခွဲခြားဘို့ ခက်လှပေမဲ့ ….
ငါ ပျော်ရွှင်တဲ့အခါ…
ငါ့ အဖေါ်ဟာ.. ကဗျာ….
ငါ စိတ်ညစ်တဲ့ အခါ…
ဖေးမပေးတာ.. ကဗျာ…
ကဗျာတွေနဲ့.. ထုဆစ်..
ငါဟာ.. လူ ဖြစ်ခဲ့တယ်….။

စကားလုံးလေးတွေ.. လှချင် လှမယ်….
ဒါဟာ.. ကဗျာ ဖြစ်တယ်….
ကာရံတွေ.. နွဲ့ချင် နွဲ့မယ်…
ဒါဟာ.. ကဗျာ ဖြစ်တယ်…
အရေးအသားတွေ.. ထန်ချင် ထန်မယ်…
ဒါဟာ .. ကဗျာ ဖြစ်တယ်…
ကဗျာတွေကို…
ငါက ဖန်ဆင်းတာ မဟုတ်…
ကဗျာတွေကသာ.. ငါ့ကို ဖန်ဆင်းပါတယ်….
ကဗျာတွေက..
ပုံဖေါ်ထားတဲ့… ငါ့ အဇ္ဇျတ္တ…
ကဗျာတွေကြားမှ.. ငါ့ကို  ရှာတွေ့နိုင်မှာပါ….။

ရင်တွင်း အပြုံး..
နှလုံးက မျက်ရည်…
အထိရောက်ဆုံး.. စကားလုံးလေးတွေနဲ့…
ရေးချယ်နိုင်တာ.. ကဗျာ….။
အပူမိသမျှ..
လူသိအောင် ပြ…
ရေးသီချနိုင်တာ.. ကဗျာ….။
ငါ့ ကဗျာတွေမှာ….
ရယ်မောသံစဉ်.. ပါချင် ပါမယ်…
ငိုကြွေး သံစဉ်.. ဖြစ်ချင် ဖြစ်မယ်…
ဘာတွေပဲ… ဖြစ်နေပါစေ….
ငါဟာ…  ကဗျာ ဖြစ်သလို…
ကဗျာဟာ… ငါ ဖြစ်တယ်….
ကဗျာတွေနဲ့… ထုဆစ်…
ငါဟာ.. လူဖြစ်ခဲ့တယ်….။

ထာဝရ "နွေဦးမေ"

★"ဝေးလွင့်ခြင်း"♪♫

တိတ်တိတ်ကလေး ...
နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ.....။

ကြွင်းကျန်ရစ်သော...
သံယောဇဉ်အားလုံး...
အကျွန် ပြည်ဖုံးကား ချပါ့မယ်.....။

ချစ်ခြင်းတရားမှ သွေဖီ၍...
အကျွန့်ဆီသို့.. လွှတ်ရက်ခဲ့သော...
ဥပေက္ခာမျက်ဝန်းများရဲ့.. နှိပ်စက်မှုဒဏ်...
အကျွန် ဘယ်လိုမှ မခံစားနိုင်တော့လို့ပါ....။

ချစ်သူရဲ့.. အကြင်နာနှင့်...
ကြည်လင် ရွှင်သော...
ရယ်မောသံတို့.. လွှမ်းခဲ့သည့်...
အတိတ်က ဇာတ်လမ်း... တစ်ခန်း ရပ်ချိန်မှာ...
ရွှေရင်ကွဲကြေ.. သေဆုံး မသွားခဲ့ရတာနဲ့တင်...
အကျွန် ကံကောင်းခြင်း ဖြစ်ခဲ့ရပါပြီ.....။

ချစ်သူထံမှ ရှောင်ပုန်း...
အဝေးဆုံးသို့.. လှမ်းခဲ့ရတဲ့...
ကန္တာရခရီးဟာ...
နွေတစ်ရာထက်.. ကြမ်းမှာကိုလဲ...
အကျွန် ကြိုတင်.. တွေးမြင်ထားခဲ့ပါတယ်.....။

လွမ်းမိလေတိုင်း...
မျက်ရည်ဝိုင်းရသည်.. မှန်သော်လည်း...
ချစ်သူရင်ငွေ့.. တစ်ပိုင်းတစ်စ...
ခိုလှုံခွင့် ရခဲ့သော.. အကျွန့်နှလုံးသားသည်...
`ချစ်သူ´သို့သာ... တမ်းတမျှော်ရည်...
ဝေဒနာကို.. သိုသိပ်...
တိတ်တိတ်ကလေး လွမ်းနေပါ့မယ် ချစ်သူ.....။

ထာဝရ... "နွေဦးမေ"
Tuesday, October 16, 2012 | By: Nwae Oo May

★“ ပဉ္စလက် နှင်းစက်”♪♫


သတိရလိုက်တာ နှင်းစက်ရယ်…
မင်း ရှိနေခဲ့တဲ့.. ဆောင်းမနက်တုန်းက..
ဝန်းကျင်တစ်ခွင်… လှပနေလိုက်တာ…
နတ်ဘုံ နတ်နန်းတောင်…
အရောင်ဖျော့… မှေးမှိန်ခဲ့ရပြီ …..။

လွမ်းတယ် နှင်းစက်…
ဝေးလွင့်ခဲ့တဲ့… ဒီနွေမနက်ခင်း….
မင်းလဲ မရှိ… နှင်းလဲ မရှိ….
ငါ့ရင်ထဲလဲ… နှလုံးသား မရှိ….
နင် ရှောင်ပုန်းတဲ့… အချိန်မှာ…
အရာရာဟာ… အဓိပ္ပါယ် မဲ့ခဲ့ရပြီ…..။

ဘယ်လို လုပ်မလဲ…  နှင်းစက်ရယ်…
ဥပေက္ခာထားတဲ့… ငါ မတရားတာလား…
မာယာများတဲ့…  နင့်အမှားလား…
မစဉ်းစားတတ်အောင် .. ဖြစ်နေပေမဲ့…
မျက်ရည်ကင်းတဲ့ .. ငိုခြင်းတွေကြား…
ငါ့နှလုံးသားက.. တစ်စစီ… ပဲ့ကြွေခဲ့ရပြီ…..။

ဘယ်လိုပဲ ဖြစ်ဖြစ်… နှင်းစက်ရေ…
အပျော်တွေ ပျောက်ဆုံးသွားခဲ့ပေမဲ့..
အမုန်းဆိုတာ. ရောက်မလာခဲ့ပါဘူး…
နှလုံးသားမှာ ခိုဝင်… တွယ်ငင်ခဲ့ဖူးတဲ့…
သံယောဇဉ် နဲ့.. အမှတ်တရ…ရင်ခွင်…
ပြန်မြင်ယောင်ရင်း.. လွမ်းနေခဲ့တာ…
နင် ကျေနပ်စွာ… ၀မ်းမြောက်နိုင်ပါစေရယ် ….။

မမေ့ဘူး.. နှင်းစက်…
ကံကြမ္မာ ဆိုတာ.. အလှည့်အပြောင်းနဲ့…
ကံကောင်းလာတဲ့.. တစ်နေ့…
ငါတို့… ပြန်တွေ့ကြမှာပါ…
ငါ လိုချင်တာ... ဖြူစင်ခြင်းနဲ့…
ဝင်းပနေမဲ့.. နင့်နှလုံးသား…
အရောင်တွေနဲ့.. ခြားနားသွားတဲ့ အခါ…
ငါ သိပ်လွမ်းနေတယ်ဆိုတာ… နင် မြင်နိုင်တဲ့တစ်နေ့…
ရင်ဖွင့်ကြိုမဲ့.. ဆောင်း မနက်ခင်း…
အေးမြ နှင်းစက်.. ဝေလိမ့်မယ်...။

ထာဝရ ... "နွေဦးမေ”


★“ ဆောင်းဝေဒနာ ”♪♫

ဆောင်းနှင်းလေအပြန် ...
နွမ်းလျတဲ့ ဟန်တွေနဲ့ ... လှမ်းလာခဲ့တဲ့ ငါ ...
ဒီတစ်ဆောင်းမှာတော့ ... အထီးကျန်လေ ....... ။

ချစ်သူ ...
မင်းကူလို့.. ရှင်သန်ခဲ့တဲ့ ဘ၀ ...
ပြန်ပေးဆပ်ရန်.. ဆန္ဒရှိပေမဲ့ ...
ကျေမွ ပျက်သုဉ်း .. ယူကျုံးမရ …
ငါ ဘာများ ... တတ်နိုင်ခဲ့ပါသလဲ ..... ။

ကံကြမ္မာဆိုတာ ...
ရိုင်းချင်တော့သာ.. အဖေါ်အပေါင်းနဲ့ ...
ကောင်းဖို့ကျတော့.. ခက်ခဲလှတာ...
ငါနားလည်ခဲ့ချိန်မှာတော့ ...
ကမ္ဘာခြားသွားတဲ့.. ချစ်သူကို ...
နှမ်းတစ်စေ့စာတောင် ... ငါမကူနိုင်ခဲ့ပါလားကွယ် ...... ။

ဘ၀ ... အစမှ ...
ပျော်ခဲ့ရသော .. ဆောင်းပေါင်းများစွာ ...
ဘ၀ကျိန်စာ.. သင့်ခဲ့ပါလည်း ...
ရင်မှာ စုစည်း ... အလွမ်းမီး ထောင်သောင်းနှင့် .....

အနာဂတ်ရဲ့ ...
ဆောင်းများစွာ အတွင်း .....
မင်းချစ်ခြင်းအနန္တ … ပြန်လွမ်းတရင်း .....
ငါ ... နေပျော်တယ် .....
ရောက်လေရာ .. ဘ၀ကနေ ... ကျေနပ်စေတော့ ... ချစ်တဲ့သူ .......။
( ခွင့် ... မလွှတ်လိုက်ပါနဲ့ … မောင်! ... )

ထာဝရ "နွေဦးမေ"

★"ညသခင် သို့ တမ်းချင်း"♪♫


အလင်း နဲ့ အမှောင် ..
အရောင်တွေရဲ့… အရိပ်..
စိတ်နဲ့ ချိတ်ဆက်… လည်ပတ်သော…
အတိတ်ရဲ့.. လွင့်ပါးမှုထဲမှာ…
အကြင်နာတွေ…  မစဲအောင် ရယ်ဖူးတယ်….။

ဒီလိုနဲ့ ….  ငါဟာ …
အခါခါ… သတိလွတ်…
ငတ်မွတ်စွာ သောက်မိတဲ့…  ဆာလောင်မှုမျိုးနဲ့…
ညအချိန်…  လ ထိန်ထိန်မှာတောင်..
အိမ်မက်ခေါ်တေးနဲ့ …
မျှော်ငေး စိတ်ကူးရင်း …
အထီးကျန်မှုတွေကို… တူးဆွနေမိတတ်တယ်....။

စိတ်ကြမ်းဘီလူးတို့…
ခြေပင်မကျူးသော… အရပ်တွင်…
နှင်းဆီဖူးတို့… ဦးညွှတ်ရာ…
လ ပလ္လင်ပေါ်က…
ညသခင်… သတို့ သ္မီးလေးဟာ…
ရောင်စုံတိမ်တွေနဲ့…  လိမ်ကျစ်ထားသော…
လေလှိုင်း ပိရမစ်ကို…
စိတ်နှစ်ကိုယ်နှစ်… ဖြစ်စေခဲ့တယ်…..။

လက်နက်သံ…
ခက်ထန်နီရဲသော တိုက်ပွဲကို...
မှင်သက် ရပ်တန့်သွားအောင်…
စွမ်းဆောင်နိုင်သောသူ…
ကိုယ့် အာဟာရရဲ့… ထာဝရ ဗီတာမင်….
အစိမ်းရောင်… တောက်ပတွန်ကျူးတဲ့… အောက်ဆီဂျင်…
ငါ့ သက်စောင့်ဓါတ်အတွက်… အမြဲ လိုအပ်နေမှာပဲလေ…။

ဒါကြောင့်…
တစ်နေ့ကျရင်… မင်းလေးဆီကို…
ခိုပြာငှက်ရဲ့… အစွမ်းနဲ့….
အလင်းတန်းလို…  ဦးတည် ပျံသန်းလာခဲ့မယ်…..
အမြုတေ… နှလုံးသားအတွင်းက…
အရိုင်းဆန်တဲ့…  ချစ်ခြင်းတွေအတွက်….
နွေးထွေး လင်းလက်တဲ့…
နေခြည်လို… မင်း ရင်ခွင်ကို…
ဟင်းလင်းဖွင့်လို့…. စောင့်လင့်ပါလေ …။

"အမြုတေ" ဖန်ဆင်းသော..
ကဗျာတစ်ပုဒ်အတွင်းမှ...
ထာဝရ ဆောင်းသစ္စာ.....
ဇာမဏီငှက်တို့ရဲ့…  ချစ်ခြင်းမျိုးနဲ့… မင်း နဲ့ ငါ ……
ကမ္ဘာကျေတောင်… မပျက်စတမ်း…..
ပင်လယ်ပြာလို… အနက်ရှိုင်းဆုံး ချစ်ကြမယ်…….။

"နွေဦးမေ"

”♪ ကာရံမဲ့သော ဘ၀ကဗျာ♫”

ဆုံခဲ့ရသော.. ဟေမာန်ဦး…
ရူးမတတ်.. ပျော်ရွှင်ခဲ့ဖူးတာလည်း...
တစ်ဘ၀စာ ကျေနပ်နိုင်ပါတယ်မောင်!

အတူ လျှောက်ဖူးသော လမ်း…
ဖြတ်သန်းခဲ့သော.. 'ဆောင်း' ပေါင်းများစွာ...
မ, အပါးမှာ.. မောင်ရှိနေခဲ့ပါတယ်...

ရိုင်းတဲ့ ကြမ္မာ.. မြင်သာနိုင်ခဲ့ရင်တော့...
တစ်စုံတစ်ရာ ပြင်ဆင်ချိန်.. ရလေမလား…
ဒါလည်း.. ၀ိုးတ၀ါးပါမောင်...!

ဒီဆောင်းအ၀င်.. နှင်းဝေစဉ် မတော့...
မ, တစ်ယောက်ထဲ...
လျှောက်မြဲလမ်းမှာ .. စမ်းတ၀ါးနဲ့…
ရူးမတတ်ဖြစ်.. လွမ်းနွံနစ်လည်း...
သခင် ကယ်ပါ.. မခေါ်သာဘူး...
ကျမျက်ရည်တွေ.. ပင်လယ်ဝေလည်း...
ဘ၀ခြားနေ... မဖြေသာဘူး ... ကြင်နာသူက... ရူးလုပြီ ....။
(သခင် ရောက်ရာဘ၀.. ချမ်းမြေ့ပါစေ..)

ထာဝရ... "နွေဦးမေ" 

``ပစ္စက္ခ´´

ပစ္စက္ခ ..........

ကျွန်မတို့ ….. တစ်နေရာစီမှာ နေထိုင်ကြတယ် …….....

တစ်ယောက်က …  မိုးလင်းလာတဲ့အချိန်မှာ …
တစ်ယောက်က ….  အိပ်ရာဝင်တော့မယ် ……

တစ်ယောက်ကို …  သူတို့ ခေါ်သွားကြတဲ့အချိန်မှာ …
တစ်ယောက်က …  ကျန်ခဲ့တယ် …..

တစ်ယောက်က …  အဝေးမှာ … နီးနီးနားနား နေထိုင်ပြီး …
တစ်ယောက်က …  အနီးမှာ … ဝေးဝေးနေတယ် …..

တစ်ယောက်က …  သာမန် သင်ခန်းစာတစ်ခုကို ရွတ်ဆိုချိန်မှာ …
တစ်ယောက်က …  ဟားဗက်စ်တက္ကသိုလ်ထဲမှာ …..

တစ်ယောက်က …  လောကီပညာကို လေ့လာနေတယ် …
တစ်ယောက်က …  အဋ္ဌာရသ ၁၈ရပ်ကို သင်ပေးလို့ …..

တစ်ယောက်က …  ရိုးအမှုကို နာကျင်ခံစားလို့ …
တစ်ယောက်က …  ရွေးချယ်မှုလမ်းအတွက် အသက်ရှုခက်လို့ …..

သူက …  နေရောင်ခြည်အသစ်ကို လက်နဲ့ဆေးခြယ်ယူပြီး …
သူမက …  မိုးစက်နှင်းငွေ့ကို လွှမ်းခြုံ ဆင်ခြင်တယ် …..

ချစ်သူက ...    မိုးပေါက်တွေကို  အံတုလို့ ...  မိုး ရဲနေတဲ့ အချိန် မှာ ...
ကျွန်မက ...   နှင်းပွင့်တွေကို  အံတုလို့ ...  ဆောင်း ရဲနေရတယ် ..........

ကောင်းကင်က …   တိမ်တွေကို နေရာရွှေ့ပြီး …
ပြာစင်စေခဲ့သူတွေကတော့ …   ဟိုး ....  အဝေးမှာ ……….

သူတို့က …..  တစ်ယောက်တစ်နေရာစီ ………….
ကျွန်မတို့က …..   တစ်ယောက်တစ်ကွဲစီ  …..........  ။           ။

ထာဝရ `` နွေဦးမေ´´


ဝန်ခံချက်.... နှစ်သက်လွန်း၍ သိမ်းထားခဲ့မိသော စာစု တစ်ခုအား...
ခံစားချက် အချို့ ထည့်သွင်း၍.. ကဗျာ တစ်ပုဒ် အဖြစ်.. ဖန်ဆင်းအပ်ပါသည်...။

“ ပြိုမှာလေလား ၀ဿန်ရေ ”


ဝဿန် ၀ါဆို .....
ပြိုနေတဲ့ ..  မိုးပေါက်တွေကြား …                    
ထားခဲ့တဲ့ ကတိ ..  ငြိခဲ့တဲ့ မေတ္တာ …
သိပ်ချစ်မှာလို့ ..  ယုံခဲ့ပါတယ်မောင် …..

မှိုင်းညို့ ရီမှောင် ..
တောင်ဆီက မိုးစက်နဲ့ … လျှပ်ပြက်တဲ့.. အချိန်များ...
မောင်ထားသွားမှာ.. မဟုတ်ဘူးလို့.. ဆိုဖူးတဲ့ သစ္စာ...
ရင်မှာ.. တကယ်မှတ်...သိပ်ချစ်တတ်ခဲ့တဲ့..ငါ...
မောင်မြင်သာလျှင် ..  ဟားတိုက် ရယ်မလား …
ငါ … တွေးမထားပါဘူးမောင် …..

ရာဇ၀င်မှာ ..  စာတင်မဲ့အလွမ်း…
ရင်ခတ်ပန်း တို့ ..  ပွင့်တဲ့ အချိန် …
တစ်ခန်းရပ်အိမ်မက် ..  နှိပ်စက်ခဲ့ နှလုံးသား …
အမုန်းတရားများရဲ့ဒဏ် ..  မခံစားရတာ ကံကောင်း …
ငါ.. ပြန်ပြောင်းလို့ ..  မှတ်ယူပါ့မယ် မောင် …..

ကြည့်လျှင် မရိုင်း ..  ရှစ်ခွင်တိုင်းမှာ …
အုံ့မှိုင်းမှုံဝေ ..  မောင်မေ့နေရဲ့ …
ချန်ရက်ခဲ့လဲ ..  မနေရဲတဲ့ …
အသည်းငယ်သူ .. ဆွေးပူနေလဲ …
လူမသိခင် .. မချိရင်မှ …
သောကတွေဝေ ..  မျက်ရည် ကြွေလဲ …
ငါ .. တစ်ယောက်ထဲရယ်ပါ မောင် …..

ဘယ်လိုပင် ဖြစ်ပါစေ .. သိပ်ချစ်တတ်ခဲ့တဲ့ ငါ …
မိုးဆိုရင် ခြိမ်းလဲခြိမ်း ..  ရွာလဲရွာမှ…
ကြိုက်တတ်ခဲ့တာ ..  အမှန်ပေမဲ့ ...
အခုတော့ …
အနောက်တောင်ဆီမှာ …
မိုးတွေ …    ညို့နေခဲ့ပါပြီ မောင် ……  ။

ထာဝရ.. “ဆောင်းသစ္စာ”

★“အိမ်ဝေးလူရဲ့ တမ်းချင်း ”♪♫


မနေ့က…
ငါသိပ်လွမ်းတယ်.. အိမ်ဝေးရယ်….
အိမ်နဲ့ ဝေးနေလို့…
သိပ်လွမ်းတတ်တဲ့… နင့်ကို….
အိမ်နဲ့ ဝေးမနေလို့…
သိပ်မလွမ်းတတ်တဲ့.. ငါက…
အချိန်တိုင်းမှာ.… သိပ်လွမ်းနေတယ် အိမ်ဝေးရေ….။

အမှတ်တမဲ့… ခလုပ်တိုက်…
ကြုံကြိုက်ခဲ့တဲ့.. သမုဒယ..
အမှတ်တရ… တစ်သက်တာဖြစ်.…
စွဲထင်ရစ်မဲ့...  ခင်မင်ခြင်း ...
ရင်တွင်း စပျိုး… တစ်ရေးနိုး…
မိုးလင်းခဲ့တယ်… အိမ်ဝေးလူ …..။

လွမ်းမော တမ်းတစရာ…
ကဗျာလေးတစ်ချို့နဲ့ အတူ…
အိမ်ဝေးလူ ဖွဲ့ခဲ့တဲ့…
သမုဒယ မြစ်တစ်စင်း ...
နင် ဖန်ဆင်းတဲ့.. အတွယ်အတာ…
ပျော်ရွှင်ခဲ့ပါသော... ညဥ့်လယ်ယံ…
အိမ်မက် များစွာထံမှ.… ဖွဲ့နှောင်မှု…..။

နှလုံးသားထဲ.. စွဲနစ်လို့တည်...
တစ်စချင်းစီ… တိုးရစ်နှောင်…
မမေ့တတ်အောင်… နင် ပြုစားရင်း.…
အိမ်ဝေး… ထားတဲ့…. သံယောဇဉ်…
မမ ရင်သို့.... ရွာသောမိုး…
သမုဒယကြိုးတို့… ရစ်ပတ်ချည်….။

စည်းခြားထားသော… ဘ၀ နယ်နိမိတ်လေးမှ …..
ဖြည်မရသော.. အနားသတ်မျဉ်းတစ်ချို့…
ပြေးထွက်လို့ မလွတ်တဲ့… အိမ်မက်ကြွေတို့ကြား…
ရှိထားဖူးတဲ့… အနီးအဝေး.. ပညတ်များကြောင့်….
(ငါတို့ကြားမှာ) အမှောက် ပယောဂ.. မဖြစ်စေရဘူး…..
ကမ္ဘာကျေလည်း… သမုဒယ ကဗ္ဗည်းထူ..
ရင်မှ လွမ်းသူ….. အိမ်ဝေးလူ..….။      ။

ထာဝရ "နွေဦးမေ"
Monday, October 15, 2012 | By: Nwae Oo May

★“ မောင် ချစ်သည့် ဆောင်း”♪♫

မြူမှုန်ဖွေးလွ.. ချမ်းအေးမြသည်
မြောက်ပြန်လေကူး.. ညှင်းလေမြူးလွင့်.
ပန်းစုံဖူးပွင့်.. ရနံ့လွှင့်နေ.
နှင်းပွင့်ဝေစီ.. သဏ္ဍာန်ညီမှ.
ဆောင်းပီသပေ.. ချစ်ရက်ရှည်ကြောင်း..
ပြန်ပြောင်းလွမ်းရည် မောင်ချစ်သည်ဆောင်း ... ။

နှလုံးသားဝယ်.. ချစ်ရိပ်နွယ်ကာ.
အတွယ်အတာ.. သမုဒယ.
ရင်မှာတည်သမျှ.. ကာလပတ်လည်.
ရာသီရဟတ်. တစ်ပတ် လည်ပါစေ..
မမေ့တတ်ခဲ့ပြီ.. မောင်ချစ်သည်ဆောင်း ... ။

သည်နွေမိုးဆောင်း.. ရာသီပြောင်းလဲ.
မဟောင်းသစ္စာ.. ရင်မှာတွယ်လို့.
ပင်နွယ်သို့ချည်.. ကကြိုးညီရန်.
ရာသီပြန်ထူး.. ဟေမာန်ဦးမှာ.
တမ်းတရွယ်မည်.. မောင်ချစ်သည်ဆောင်း ... ။

မှုန်ရီအရိပ်.. ဆောင်းအိပ်မက်ရှည်.
အရိပ်ပမာ.. နားလည်ပါလည်း..
ရင်မှာစွဲရစ်.. ချစ်နွံနစ်ပြီ.
အိပ်ယာနိုး၍.. မိုးသောက်သည့်အခါ.
ပျောက်ဆုံးရမှာ.. နှလုံးသားထဲမှ.
ကြောက်လှပါသည်.. မောင်ချစ်သည်ဆောင်း....။

ထာဝရ... "နွေဦးမေ"

"ဆုံချင်ပြီ ချစ်သူရေ"

ဆုံချင်ပြီ.. ချစ်သူရေ….
အတူ လျှောက်ဖူးတဲ့.. လမ်းကလေးမှာ…
ခုတော့..
ငါ တစ်ယောက်ထဲရယ်ပါ…..။
အတူ နားခဲ့ဖူးတဲ့… စမ်းချောင်း ကလေးမှာ…
ခုတော့..
ငါ တစ်ယောက်ထဲရယ်ပါ…..။
ဘယ်လောက်ပဲ ဝေးဝေး…
ဘယ်လောက် ဆွေးဆွေး…
အတွေးထဲမှာ.. အမြဲတမ်း မင်း ရှိတယ် …. ။
ရေပဲ… ခြားခြား…
မြေ ခြားခြား လေ….
အနားနားလေးမှာ.. မင်းရှိနေတယ်….။    
ယုံကြည်မျှော်လင့်.. တို့ ချစ်ခွင့်တွေ….
အမြဲ တည်စေ…. ရည်ရွယ်နေသည်…..။
လင်းအာရုဏ်…  ရောင်နီကျင်းတဲ့….
မနက်ခင်းလေး..  တစ်ခုဆီမှုာ…
ပြန်လာပါ.. ရင်ခွင်ဦးသို့...
အချစ်မြင့်မိုရ်... မျှော်လင့်ခြင်းနှင့်…
တို့ရင်တွင်းမှ … လွမ်းချင်းလေပြေ …
နိဂုံးခြွေလွှင့်… အချိန်လင့်လာ…
ဆုံချင်ပါပြီ… ချစ်သူရေ…….။

"ဖူးစာမင်ကြဲ ကြမ္မာမွဲ"

မနက်ဖြန် ……..
သင်္ကြန် ရောက်ပြီ မောင် ….. !
ရိုးရာဓလေ့… မုန့်ဝေကြတဲ့အခါ……
ငါ့မှာ… တစ်ယောက်ထဲ….. ၀မ်းနည်းပက်လက်…
ရေစက်ခွက်က.... ဘယ်လက်နဲ့ ချရမှာလဲ ..…. ?
ဒါနတရား…
ထာဝရထားလို့ ....
မိသားစုတွင်း… လှူဒါန်းခြင်း ပြုကြတာက…
ဘ၀.. ဘ၀အတွက်… အထုံပန္နက် တွေ.. ဆက်ကြရန် နှင့် …….
ကျန်ရှိသည့် ဘ၀လမ်း…
လျှောက်လှမ်းတဲ့အခါ….
ချမ်းမြေ့ဘို့.. ရည်သန်… အားမာန်လဲ.. ဖြည့်ရင်း…
သံသာလေ ကမ်းတိုင် … လှမ်းပြိုင်နိုင်ဘို့… ရည်စူး……
သည်စိတ်ကူးလဲ … အချည်းနှီး …..
ဝေးကြပြီကော.… မောင်ရေ ……… ။
ကြုံလာမဲ့..
နောင် သင်္ကြန် တွေ…
ငါ ဘယ်လို... နေရမှာလဲ……?
တစ်နှစ်တစ်ခေါက် …. ရွှေပိတောက်တွေ … ဝေလေခဲ့လျှင် ……
နေမြဲတိုင်း .. ရင်ဆိုင် … လှူဒါန်းလို့ … နေနိုင်ရမလား…..!
ရှောင်ပုန်းဘို့ .. ကြံရွယ် … ကျောင်းရိပ်မှာ.. ဖယ်ခွာရမလား…..!
တွေးလေလေ… ငိုချင်နေခဲ့တာ.….
ဆွေးမပြေတဲ့… မောင့်ရဲ့... မေပါ …..
ဘယ်ကမ္ဘာမှာ… ဖြေသာမှာလဲ…..?
သည်ရင်မှာ ..... "နွေတစ်ရာ" ဆကဲ......
မောင် မသိတာပဲ ကောင်းပါတယ် .............။     ။
(ဖူးစာမင်ကြဲ... ကြမ္မာမွဲ... ရေစက်နည်းပြန် ... ရှေးရှေး "ကံ" ....)

              ထာဝရ   နွေဦးမေ

"မသေတဲ့ အလွမ်း"

မင်း..မရှိတာ့ဘူးဆိုတာ..
လက်ခံလိုက်ဖို့....
ဝေစို့နေတဲ့မျက်ဝန်းတွေက..
ဆန္ဒပြနေဆဲပါ..မောင်.....။
တို့ဆောက်ခဲ့တဲ့... အိမ်ကလေးက...
အသေးအကြီး ခွဲခြားမရတဲ့..မေတ္တာအိမ်...
ဘယ်အချိန် ကြည့်ကြည့်.. ရှိလို့နေဆဲပေါ့..
ချော့မော့သူ ပျောက်နေတဲ့..  ကလေးတစ်ယောက်လို...
''ငါ..ငိုနေတာနေ့တိုင်းပဲ' 'လို့...ပြောဖို့...
မင်း.. မကြားနိုင်တော့ဘူးလေ.....။
ရက်စက်ခြင်း.. တရား...ရေ....
မင်းမွှေလိုက်တဲ့ ဂယက်က..
လူတစ်ယောက်ရဲ့...  မနက်သစ်တိုင်းကို....
အပိုင်းပိုင်း ဖြတ်ချွေလို့..
သေစေ..အမိန့်ထက် ပြင်းတဲ့..
ခပ်မြှင်းမြှင်း...တငွေ့ငွေ့...
ဆွေးမြေ့နေတဲ့.. လူတစ်ယောက်ရဲ့.. ရင်ထဲကို...
ဖွဲမီးဝင်ထည့်ပေးလိုက်သလိုပါလားကွယ်....။
တစ်ခါတစ်လေ... ယောင်ယောင်နိုးတဲ့...
ငါ့ရဲ့... စိတ္တဇ ညဆိုးတွေက....
ဘယ်အချိန်မှ... ဝေးရမှာလဲ.?
မင်းမပါတဲ့... နေ့သစ်တွေက...
လောင်မီးကျနေတဲ့..  ဘ၀ငရဲဆိုတာ...
မင်း သိမသွားတာ.. ဆိုးတယ်....။
''အချိန်ဆိုတာ.. သမားတော်'' တဲ့....
မှန်ခဲ့သလောက်တော့...  မှန်ပေမယ့်...
ကျွမ်းမြေ့နေတဲ့... အလွမ်းသမား.. ငါ့ကိုတော့...
လက်လျှော့ရလိမ့်မယ်.....။
တကယ်တော့ .. ငါ့အလွမ်းဟာ...
ရာဇ၀င်တွင်အောင်... လွမ်းမဲ့.. အလွမ်းထက်...
နက်နက်ရှိုင်းရှိုင်း... လွမ်း....
တမ်းတမ်းတတ... လွမ်းနေလို့...
ကမ္ဘာကြေပေမယ့်... အလွမ်းမကြေ...
သြော်.......
ငါ့ရဲ့... အလွမ်းက.. မသေပါဘူး... မောင်.....။


"ရတုသစ်"

ထပ်တူ... မျှဝေ.. ခံစားခွင့် ပြုပေးသော.... သူငယ်ချင်းလေး "ရတုသစ်" သို့...
အမှတ်ထင်ထင်..  ကျေးဇူးတင်လျှက်....

ထာဝရ "ဆောင်းသစ္စာ"

★“လွမ်းရက်ရယ်ရှည်”♪♫



“လွမ်းရက်ရယ်ရှည်”♪♫
 မမြင်မတွေ့ ရက်ရှည်.
ခွဲမနေချင်တာ မှန်ပေမဲ့..
နင်ခွဲခဲ့တာ အသေချာပဲလေ….။
ချစ်သူရေ..
ဝေးကွာခြင်း အဆုံးသတ်…
ရလဒ် အဖြစ်… လွမ်းရစ် ဝေဒနာ….
ခံစားရမှ.. နားလည်တာပါ….။
ကြင်နာတတ်ခြင်း… ချစ်ခြင်း မင်းမူ…
ဆရာ တစ်ဆူ အဖြစ်..
အကြင်နာကိုပေး.. ရင်ခွင်ကို နွေးစေခဲ့တာ..
ငါ တစ်ကယ် မမေ့သေးပါဘူး….။
တရိရိ ပူဆွေး..
နင်နဲ့ ဝေးလို့ တမ်းတ…
နင့် စကားသံ.. ချိုမြအေးရယ် …
နင် ပေးဖူးသည့်.. အနမ်းတစ်ချက်…
နင် နှစ်သက်ခဲ့သော.. ငါ့ အပြုံးတစ်စ…
ငါ မှီနွဲ့ခဲ့ရတဲ့ .. နင့် ရင်ခွင်ကျယ်.
ငါ ဘယ်လို.. ပြန်ရှာရမှာလဲ…
သိပ်လွမ်းတာပဲ ချစ်သူရယ်…..။
ဝန်းကျင်ကို.. မေ့လျော့..
ညှိုးဖျော့နေတဲ့.. မျက်ဝန်းတစ်စုံ…
စီးကျရုံသာ ရှိပေမဲ့.. ပူလောင်လှတဲ့ ..
မျက်ရည် စ.. သွယ်သွယ်…
လွမ်းရက်ရယ်… ရှည်လွန်းလှပြီ…။
အလွမ်း ဆိုတာ… နာမည် လှပေမဲ့…
ခံစားရချက်.. မသက်သာပါ…..
ငါ့ ရင်မှာ.. မီးပင်လယ်ထွန်း…
လွမ်းလွန်းလို့… ရူးရတော့မယ်..
ချစ်သူရယ်.. နင်ပြန်ခဲ့ပါ….
လွမ်းရက်ရယ်ရှည် ဝေဒနာနွေမို့...
စိုမျက်ရည်စွတ်.. အလွမ်းဝဋ်မှ..
ငါလေ…. ကျွတ်ချင်လှပါပြီ……။

“ထာဝရ ဆောင်းသစ္စာ”




Like · · Share

"နင် မျှော်လင့်နေရင်"

   နင်သာ...
    မျှော်လင့်ခြင်းတွေနဲ့.. တင်းတိမ်နေခဲ့တယ် ဆိုရင်...
    ဝေးတယ်ဆိုတဲ့.. ခရီးအကွာအဝေး...
    ငါ အပြေးလာရင်း.. ပယ်ဖျောက်ပေးမယ်...
    ရောင့်ရဲတတ်တဲ့.. နင့်ဆန္ဒတွေ .. ပြည့်ဝစေဖို့ပေါ့ကွယ်....။

    နင်သာ...
    မျှော်လင့်ခြင်းတွေနဲ့.. အထီးကျန် တစ်ယောက်ထည်း ...
    ငိုပွဲ ဖွဲ့နေခဲ့မယ် ဆိုရင်...
    နင့်လွမ်းချင်းတွေရဲ့.. အရှင်သခင်...
    နင်မြင်ချင်တဲ့ အရပ်.. အတူ ရှိနေတတ်မယ်...
    နင့် အလွမ်းတွေ... ပြေစေဖို့ပေါ့ကွယ်....။

    နင်သာ...
    မျှော်လင့်ခြင်းတွေနဲ့.. ကြေကွဲနေခဲ့မယ် ဆိုရင်...
    နင့်ရင်တွင်းကမ္ဘာ .. ငါ ငြင်သာ တိုးခွေ့ရင်း...
    ကလူ ကြည်စယ်.. တူတူနေမယ်...
    နင် ပျော်ရွှင်နိုင်စေဖို့ပေါ့ကွယ်....။

    တစ်ကယ်ပါ....
    ငါ မညာဘူး.... သိလား...?
    နင်သာ မျှော်လင့်ခြင်းတွေနဲ့.. အသက်ဆက်....
    ငါ့ အပြုံးတစ်စ အတွက်... ရှင်သန်နေဦးမယ်.. ဆိုရင်...
    မိုနာလီဇာ ရှုံးမဲ့... အပြုံးပန်းတစ်ပွင့်နဲ့...
    ရှေ့ဆက်မဲ့... နင့် မနက်ဖြန်တိုင်း အတွက်...
    တစ်လောကလုံး... လင်းအောင်.. ပြုံးမယ်...
    ငါ့ ထာဝရ နင်...... တစ်သက်တာ.. ရှင်သန်နိုင်စေဖို့ပေါ့ကွယ်...။

                      ထာဝရ "နွေဦးမေ"

(ရှေ့ဆက်မဲ့... နင့် မနက်ဖြန်တိုင်း အတွက်... တစ်လောကလုံး... လင်းအောင်.. ပြုံးမယ်.)

..

"ဥတုသုံးလီ. လွမ်းနေသည် မောင်"

ရွက်ကြွေတဲ့ ... နွေတိုင်းမှာ...
မျက်ရည်ကလေးတွေ... ၀ိုင်းတော့...
ဘယ်သူလာလို့... ချော့ရှာဦးမှာလဲ...?
မနက်ဖြန်ဆိုတဲ့... လက်ကျန်ရက်ကလေးတွေကလည်း...
တစ်သက် စံရမဲ့... ငရဲခန်းတွေပါ... မောင်ရယ်.....။

ငွေရည်သွန်းဖြိုး... မိုးရောက်တဲ့အခါ...
မိုးစက်ကြားမှာ... မျက်ရည်ဖြာတော့...
ဘယ်သူလာလို့... သုတ်ပေးမှာလဲ...
တစ်သက်ခံရန်... လက်ကျန်ဝဋ်ကြွေးမှန်သမျှ...
မကုန်သေးသရွေ့... ပေးဆပ်ရန်သာ ရှိပါတယ်... မောင်....။

နှင်းမှုန်ဝေဖြာ... ကတ္တီပါဆောင်း...
ခွာညိုပန်းမွှေး... ချမ်းအေးလေတော့...
ဘယ်သူလာလို့ ... ထွေးပွေ့မှာလဲ...
ဝေဒနာရတု... လက်ကျန် ရင်ကွဲမှုဟူသမျှ...
အနန္တကို စုဆောင်း...ဘ၀ပြောင်းကာလ အထိပါ... မောင်.....။

ထာဝရ "ဆောင်းသစ္စာ"

“နှလုံးသား ဈာပန Anniversary”


Anniversary ဆိုတာ…..
အမှတ်တရ .. အနန္တကို… 
တမ်းတစွာ ..  ဖက်တွယ်…
နှစ်ပါတ်လည် .. ရောက်လေတိုင်း…
ကျင်းပတဲ့ ..  အခမ်းအနား တစ်ခုလို့…
သိမှတ်ကာ ..  ယုံကြည်ခဲ့ဘူးတာ…
ငါ…  လူမှန်း သိတတ်စကတည်းကပါ မောင် ….. ။

Anniversary အခါခါမှာ…
ပါဝင်ကာ ဆင်နွှဲ …
ပန်းတွေကိုလဲ.. ကျဲဖူးတယ်…
သီချင်းတွေလဲ.. ဆိုဖူးတယ်…
စားပွဲ သောက်ပွဲတွေနဲ့လဲ.. ပျော်ခဲ့ဖူးပါတယ် ….. ။

Anniversary… ကိုလေ… 

ပတ်သက်သူတွေ .. မျှော်လင့်…
တစ်နှစ်ကုန် .. တစ်နှစ်ပြောင်း…
အသစ် အသစ်တွေကြောင့်လဲ…
ဟောင်းမသွားစေခဲ့ပါ …
ရှင်သန်ရာ ..  နေ့သစ်တွေအရ…

အခမ်းအနားတန်ဘိုးက ..  မြင့်ခဲ့တယ် ….. ။

ဒါပေမဲ့.... ဒါပေမဲ့ပေါ့........?

Anniversary… 2 nd.,
တစ်ဆယ့်လေး စက်တင်ဘာ နှစ်ထောင့်တစ်ဆယ့်နှစ်…
ငါ ကိုယ်တိုင်.. ကျင်းပဖြစ်မှာ …
ငါ့နှလုံးသားရဲ့.. ဈာပန …
ဝမ်းနည်းခြင်း.. အမှတ်တရ …
ကျေကွဲမှု အနန္တနဲ့ …
မခမ်းခြောက်နိုင်တော့တဲ့ …
မျက်ရည်စ အသွယ်သွယ်…
ငါ့ရင်က နှလုံးသွေးစက်တွေ …  ချယ်သ…..
နင့် ထွက်သက် ... နှစ်ပါတ်လည် အနန္တကို …
င့ါဘ၀ရဲ့ …  နောက်ဆုံး ထွက်သက်တိုင်…..
ခမ်းနားစွာ ..  ကျင်းပသွားမယ်….
ရောက်လေရာ .. ဘုံဘ၀မှ…
သခင်…  ကျေနပ်..  လွတ်မြောက်စေ ….. ။      ။

“ထာဝရ ဆောင်းသစ္စာ”



လျှောက်မြဲ "လမ်း" နှင့် ကြားမြဲ "သံစဉ်"

" ၀ါးးးးးးးး "
" လောကရေ .... ငါလာပြီဟေ့ .... "
အမိဝမ်းက...  ကျွတ်ကျွတ်ချင်း ....
မွေးကင်းစ... ကလေးငယ်တစ်ယောက်ရဲ့...
လောကကြီးကို ...   "စိမ်ခေါ်သံ"  ....   ကြားနေကျ သံစဉ်ပါပဲ.... ။

အာရုဏ် မိုးသောက်... အလင်းရောက်တဲ့ အခါ....
ရင်ဆိုင်ကာ... ရုန်းကန်.... အားမာန်တွေအပြည့်နဲ့ ....
ဆည်းဈာချိန်ရောက်... နေ ပျောက်တဲ့အခါ....
ပိုင်နိုင်တာ အားလုံး ... သုံးသပ်ကာ ကျေနပ်.... ကိုယ့်ဘ၀ရဲ့ ရလဒ်တွေလေ.....။

ပညာ ဥစ္စာ.. ရှာကာသိုမှီး...
ဝမ်းမီး တွေကို... ငြိမ်းစေရင်း...
နေ့ကို လစား... ကုန်သွား မသိ...
ဇရာရောက်တဲ့... အထိတိုင်...
ဘ၀ဇာတ်ခုံ... အဖုံဖုံမှာ....    ပြသ ပါဝင် .. စုံလင်တဲ့ ...  ဇာတ်ရုပ်တွေ အဖြစ်နဲ့ပေါ့....။

ဘ၀တစ်သက်... စွဲမက်စွာ... ဖွေရှာကြတာက....
စိန်ရွှေရတနာ... ငွေ အသပြာလား...
ဇနီးမယား... သမီး သား လား...
သဗ္ဗေ သတ္တာ... ကမ္မသကာ... ဘာဝနာ လား....
သတိ သမ္ပဇဉ်... ဥာဏ်နှင့် ယှဉ်လို့.... ဆင်ခြင်သုံးသပ်.... ရတတ်စေရော့။

တစ်ခုသောခရီး ... စပြီးတဲ့ အခါ ...
ခြေတစ်လှမ်းစာ... လျှောက်ပြီးတဲ့ အချိန်တိုင်း  ....
သွားရမဲ့ ခရီး... ပိုနီးလာတယ်လို့ ....
ကျေနပ်နေတာ... အမှန်ဖြစ်ပေမဲ့လည်း.....   "မရဏခရီး" တော့ ...  မပါဘူးပေါ့လေ....။

" ဟီးးးးးးးး "
" လောကရေ ... သူတော့ သွားပြီ .... "
ဝိုင်းဝန်းပို့သော် ... ဟစ်အော်ငိုကြွေး ....
ရင်ဆို့တေးနှင့် ...  သခါင်္ရဘေးက ....
ကိုယ့်အလှည့် ... မရောက်သေးလို့ .....   ငိုပေးနိုင်ကြသေးတယ်  ....
လောကကြီးကို ... "နှုတ်ဆက်သံ" .... ကြားနေကျ သံစဉ်ပါပဲ…......။

(ဖြစ်မယ်ဆိုလျှင်... မကြုံချင်ဘု... မဟူကြီးငယ်.. ရှောင်ဖယ်မရ.. အနိစ္စ .....)

ထာဝရ "နွေဦးမေ"

"လက္ခဏငယ် ချစ်ခြင်း"

ညီတော် လက္ခဏ....
ငယ်ဘ၀.. သိမြင်..
အစ်ကိုတော်ရာမထက်... အရင်ဦး...
လေးတင်ခွင့် ထူးခဲ့သော်လည်း ...
မယ်သီတာ.. အလှဖူးကို...
ရူးလောက်အောင်... စွဲခဲ့ပေမဲ့...
ဝါစဉ်ငယ်.. အမျှင်တန်းကို....
ယောင်ရမ်းကာ.. မေ့လျော့ခဲ့ဘူး....
မင်းရာမ အစ်ကိုတော်....
ပိုင်ခွင့်ရယ်.... ယူလိုက်ပါတော့....
ညီငယ်မှာ... အဖြည့်ခံဘ၀...
ချစ်သူအသွင်... ပိုင်လိုလှပေမဲ့....
မရီးတော်သာ.. ခေါ်ပါတော့မယ်...
အစ်ကိုတော်ကို... ပါရမီ ဖြည့်ပါလို့ ....
ဝန်းရံကာ...  အစဉ် စောင့်ရှောက်...
နောက် ဘ၀ရောက်မှ...
ချစ်တော့မယ်...
သီတာငယ်  ခွင့်လွှတ်ပါတော့....
ရာဇ၀င်မှာ.. ရိုင်းမှာ စိုးတယ် ...
လက္ခဏ မောင်..
ဒီ ရင်တွင်း......
မင်း... မြင်လှည့်ပါ.......။

ထာဝရ "နွေဦးမေ"

★“ဆောင်းကြွေနွေ ”♪♫

ဆီးနှင်းမြူဝေ..
ချွေတဲ့ ဆောင်း.. ပြန်ပြောင်းလို့ သစ်ခဲ့တယ်…
ပုရစ်ဖူးတို့ စီချယ်…
ရွက်သစ်တွေရယ်... ဝေခဲ့ပါပြီ………
အမြတ်နိုးဆုံး. နှင်း..
မင်းကို ချစ်ခြင်း သမုဒယ …
ယုယကာ ကျိန်တွယ် မပြတတ်ပေမဲ့…
ခုဘ၀မှာ..
သက်ဆုံးထိတိုင်…
စွဲမြဲခိုင်မာ … နှောင်တွယ်ကာငြိ….
မင်းသိစေချင်တဲ့ ဆန္ဒ…
ငါ့ရင်မှာ… ထာဝရ ရှိနေမှာပါ..။

အမှတ်တမဲ့နဲ့. မိုးလင်းခဲ့ရတဲ့…
ညတစ်ညရဲ့.. လရိပ်အောက်မှာ…
အမှတ်တရနဲ့ …  ငြိခဲ့ရတာက…
ငါ့နှလုံးသားမှ… သံယောဇဉ်….
နှင်း… ပျောက်တဲ့ နွေ… ကို ....
ရင်မဆိုင်ရဲသော…  ဆောင်း....
ရွက်ဟောင်းကြွေတတ်တဲ့…
နွေမျက်ဝန်းတွေ….
ရှစ်ခွင်မှိုင်းတဲ့ … အရိုင်းမြေမှာ ...
နေရစ်ခဲ့ဘို့ဆိုတာ…
ဆောင်းရင်ငွေ့နဲ့… အသက်ဆက်ရသူအဖို့…
ဆို့နင့်ကြေကွဲမှု…. ဇာတ်လမ်းတစ်ပုဒ်…
အရင်းအနှီးလုပ်ပြီး…
အဆုံးသတ် ပျက်ကြွေခြင်း… ဖြစ်ရမှာပါ…..။


အစိမ်းရောင်ခမ်းဆီးစတွေ…
လွင့်ပျံနေတာတောင်…
ရင်ထဲလှုပ်ခတ်လွန်းလို့…
ဆောင်းနှင်းစက်..ရဲ့…
စိမ်းရောင်သန်းတဲ့..
ဒီမျက်ဝန်းနဲ့ ... စကားလုံး တစ်ချို့…
ငါရင်ဆိုင်ဘို့…
စွမ်းအား.. မရှိတာ မှန်ပေမဲ့...
နင်ချန်ခဲ့တယ် ဆိုရင်တော့ ...
နေခဲ့ရဲတဲ့ အားအင် ...
ရင်ထဲ ရှိအောင်... ပျိုးရမှာပါပဲ....။


ဒါပေမဲ့ ...
နင် မမေ့ပါနဲ့.. နှင်းစက်..
နင်ပေးတဲ့အသက်..နဲ့..
ဆောင်းရက်တွေ... ရှည်ခဲ့ရတာလေ...
နှင်းပျောက်တဲ့ နွေ မှာ....
ဆောင်းက ... ဘယ်လို အသက်ဆက်ရမှာတဲ့လဲ...?
ဖြေနိုင်တယ်ဆို ... ဖြေပါ  နှင်းစက် ....
စိမ်းရက်ခဲ့မယ် ဆိုရင်လဲ...
ကြိုတင်လို့တော့...  အသိပေးပါနော်..
ဆောင်းဥယျာဉ်က ... ပန်းကလေးတွေကိုလဲ...
ဝိုင်းငိုပေးတတ်အောင်...
ငါ...  သင်ထားချင်လို့ပါ....။

"နွေဦးမေ"

"လွမ်းသူ့ရာသီ ရက်ပေါင်း ၇၃၀"

ချစ်သူရင်ခွင် နွမ်းတဲ့အခါ..
စမ်းတစ်ရာလည်း ခမ်းခြောက်နိုင်ပါသည် မောင်..
ချစ်သူရင်ခွင် မဲ့တဲ့အခါ..
ပန်းတစ်ရာလည်း ရနံ့ပျောက်နိုင်ပါသည် မောင်...
ချစ်သူရင်ခွင် ပျောက်တဲ့အခါ...
မိုးရောက်နေလည်း နွေတစ်ရာကဲနိုင်ပါသည် မောင်...
ချစ်တဲ့မောင်...
ခွဲသွားတဲ့အခါ..  ဖြေသာရာ ဘယ်လိုရှာကွဲ့...
မောင်သင်မပေးခဲ့လည်း ... ရက်စက်တယ် မပြောဖြစ်တမ်း...
မောင်သိတ်ချစ်မှန်း..  သိနေခဲ့လို့ပါ...
လွမ်းရတဲ့မောင်...
ကိုယ်တစ်ယောက်တည်း ကျန်ရစ်တဲ့အခါ...
ရက်ပေါင်း ၇၃၀ ဟာ..  တစ်ဘ၀စာ အထိလည်း..
ညီမျှသွားနိုင်ပါတယ် မောင်...
နှစ်တစ်နှစ်ရဲ့ ဖေဖေါ်ဝါရီ ၁၄ မှာ စတွေ့ခဲ့ပြီး...
နှစ်တစ်နှစ်ရဲ့ စက်တင်ဘာ ၁၄ မှာ... ခွဲသွားဘို့ ကံကြမ္မာ...
ရှိနေတာ... ကြိုသိခဲ့ရင်...
တို့...  မချစ်ခဲ့ပါဘူးမောင်ရယ်...
မအချစ်ကြောင့် ... မောင့်ကို နှစ်ရာကျခဲ့တာ...
ကိုယ့် ဇာတာ နောက် ၁၀နှစ်.... မျှဝေပေးဖို့... ဖြစ်နိုင်ခဲ့ရင် ...
၅ နှစ်ပဲဖြစ်စေ...  (အတူ) ချစ်နေလိုက်ချင်ပါသည် မောင်!...
အတူနေ.. အတူပျော်ပြီး..  အတူသာ သေလိုက်ချင်ပေမယ့်...
အဖန်ငါးရာ.. ငါးကမ္ဘာကြောင့်...
ချောက်ချားစရာ.. ဆောင်းအိပ်မက်တွေနဲ့...
မောင်ထားရာ.. ဘ၀ရွက်ကြွေတောမှာ...
မောပန်းစွာ.. လျှောက်လှမ်းရင်း...
မောင်ပေးခဲ့ဝန်..  ကျေအောင်ထမ်းလို့...
သေသည့်တိုင်...  မောင့်ကိုလွမ်းမယ်..
"ချစ်ဦးသခင်"ရယ်...  သိစေသော်ဝ်......။

ထာဝရ.. "ဆောင်းသစ္စာ"

"အိမ်မက်သခင်"

အိမ်မက်သခင် ရေ .....
မင်းဖိတ်ခေါ်ခဲ့တဲ့ ...  ၀င်္ကပါလမ်း ...
မဟူရာရောင် ခြုံလွှမ်း ... ကြမ်းတမ်းကာ ခက်တရော် .....
ဖ၀ါးတော် နုနု ....   သွေးခြေတွေ ဥလို့ ...
ခြေချော်ကာ ...   လဲကျလုပါစေ ...
ငါအရောက်လာ ... လှမ်းခဲ့တာ .....
ဘယ်လို ...  တပ်မက်မှုမျိုးလဲ .....
မင်း .....  ဆန်းစစ်ခဲ့ပါရဲ့လား... အိမ်မက်သခင် .....။

အိမ်မက်သခင် ရေ .....
မင်းခင်းပေးခဲ့တဲ့ ...  င်္ဒိလမ်းမှောင်မှောင်က ...
ကဗျာကာရံတွေရဲ့ .... ဖြားယောင်းမှု သံစဉ်အောက်မှာ ....
ပျော်ရွှင်မှုအပေါင်း ...    ခညောင်းကာ သက်ကြွေလို့ .....
သံယောဇဉ် သရဖူကို ... ဆောင်းစေခဲ့တာကရော ...
ဘယ်လို ...  တွယ်တာမှုမျိုးလဲ .....
မင်း ..... ဆန်းစစ်ခဲ့ပါရဲ့လား .... အိမ်မက်သခင် .....။

အိမ်မက်သခင် ရေ .....
မင်း ဖန်ဆင်းပေးခဲ့တဲ့ ...  ဒီ ကမ္ဘာလေးမှာ ...
ရေတံခွန်လေး ဖြာဝေ ... စမ်းချောင်းလေး စီးဆင်း ...
ပန်းပွင့်လေးတွေ ဖြန့်ခင်း ... ရနံ့လေးတွေက သင်းလို့ ...
တိမ်လွှာ သက်တံ့ဒါန်းကို စီးကာ ... ပျော်ရွှင်စွာ ကခုန်ရင်း ....
သခင်လာရာလမ်း .... မျှော်မှန်းလျှက် အထီးကျန် ....
စောင့်စားကာ ....  ချန်နေနိုင်ခဲ့တာကရော...
ဘယ်လို ... သံယောဇဉ်မျိုးလဲ....
မင်း ....   ဆန်းစစ်ခဲ့ပါရဲ့လား .... အိမ်မက်သခင် .....။

အိမ်မက်သခင် ရေ ...
တိတ်ဆိတ်တဲ့ အမှောင်ကြား ... ချောက်ချားစွာ  ရက်.. ဆက် ...
မမေ့ရက်တဲ့ ငါ့ ရင်တွင်း ...  မျှော်လင့်ခြင်းကို ဖန်ဆင်း .....
တမ်းတခြင်း အနန္တ ... ဖမ်းဆုပ်လို့ မရခဲ့ငြား ....
ဝိုးတ၀ါး ပုံရိပ်နှင့် ... သခင့်ကို လွမ်းသာရုံလေး .....
ရေးတေးတေး ရှိပေမယ့်... သခင်ထားရာအရပ် ...
မြတ်နိုးတတ်စွာ ... သက်ဝင်နေနိုင်ခဲ့တာကရော ...
ဘယ်လို နှလုံးသားမျိုးလဲ ...
မင်း ....  ဆန်းစစ်ခဲ့ပါရဲ့လား .... အိမ်မက်သခင် .....။

အိမ်မက်သခင်ရေ ...
ငါ့ရင်တွင်းက ... စိမ်းလန်းခြင်း ... မျှော်လင့်ချက် ...
ချိုးဖျက်ကာ... ပျက်ကြွေရတော့မှာလား ...
မင်း လှမ်းလာ ... ဖွင့်ဟပါဦး ... နော် .......
မျှော်လင့်ခြင်း အိမ်မက် .... ပျောက်ပျက်မှာ ....
စိုးရွံ့ပေမဲ့ .... ဖန်ဆင်းမှု ပဉ္စလက် က ....
ငါ့ရဲ့လက်မှ ... မဟုတ်ခဲ့လေတော့ .....
ပဉ္စလက်ဆရာ ...  "အိမ်မက်သခင်" ကိုသာ ......
မျှော်ကိုးကာ ...  တမ်းတပါတယ် ......
သခင် .... ဘယ်ခါ ...  ရောက်လာမှာလဲကွယ် ......... ။         ။

ထာဝရ "နွေဦးမေ"

ပဉာတ်ချက်

ဖြူစင်ဝင်းလက်.. ပန္နက်ခဲ့ဖူးတဲ့...
သစ္စာ...
ထားခဲ့ဖူးတာ.. သေချာရုံနဲ့....
အရာအားလုံး... ပြီးပြည့်စုံပါတယ်.....
နီးခြင်း ဝေးခြင်း.. ပဥာတ်များ..
ရင်ထဲ.. မခံစားတော့တာ..
ကြာခဲ့ပြီလေ...
မိုင်ထောင်ချီတဲ့ အဝေး...
အလင်းနှစ်နဲ့ပဲ တွက်တွက်....
အသံလှိုင်းနဲ့ပဲ... နှိုင်းနှိုင်း...
စိတ်အလျဉ်ရဲ့...
သွားနှုန်း ခရီး...
တားဆီးနိုင်မဲ့.. အရာ...
ငါ မြင်သာရင်... ထားခဲ့ပါ....
မင်း မေ့သွားမှာ.. ငါယုံပေးနိုင်တယ်...
သံယောဇဉ်ယူနစ်...
မင်း အပေါ် ဖြစ်ခဲ့တယ် ဆိုတာ...
ဘယ်အရာရဲ့ .. ဖျားယောင်းမှုမှ.. မပါခဲ့သလို....
ဝေးကွာခြင်း တရား.. မင်းထားခဲ့လဲ...
ငါ .. ခံစားပေးမှ...
လွမ်းဆွေးမှု ရသ မည်မယ်လေ...
မင်းလေး နားလည်တတ်ခဲ့မယ် ဆိုရင်...
ငါလိုနေတာ.. အချစ် မဟုတ်ဘူး..
ငါလိုအပ်တာ.. နီးစပ်ခြင်း မဟုတ်ဘူး..
နီးခြင်း ဝေးခြင်း.. ပဥာတ်များ..
ငါ မခံစားခဲ့တာ.. ကြာလှပြီ...
ရယူခြင်း. ပေးဆပ်ခြင်း....
အစွန်းလွတ်သော.. ငြိတွယ်ခြင်း တစ်စ....
ငါလိုအပ်တာက. မင်း ပျော်ရွှင်မှု....
ငါ့မျက်ရည် ... ပင်လယ်ဝေေ၀...
ငါ့... အသည်းတွေ.. တစ်စစီ ကြွေကြွေ....
နင်ကျေနပ်ရင်. ပြီးပါတယ်...
အရာအားလုံး.. တစ်က ပြန်မစချင်သလို..
ဘယ်အရာကိုမှ.. ပြည်ဖုံးကား ချဖို့ မလိုဘူး....
အလျားအနံ မရှိသလို..
အသွားအပြန်လဲ. မလိုတဲ့. သံယောဇဉ်..
ငါ့ရင်မှာ.. ဖြစ်တည်ခဲ့တာ...
မင်း ရှိနေမှ.. ဖြစ်တာ မဟုတ်ဘူး..
တစ်ယောက်ထဲ ချစ်လဲ... အချစ်ပဲ .. မည်ပါတယ်........။
“ထာဝရ ဆောင်းသစ္စာ”

★ အချစ်ငတ် "ရင်"♪♫


ဒီနေ့…
နှင်းတွေ ကျတယ် မောင်…
ဥတုရာသီ…  ဆောင်းပီပေမဲ့.…
ရင်ထဲမှာ နွေ...….
မဖြေသာအောင်ပဲ.. ချစ်ခဲ့တယ်…။

ငါ့.. ရင်မှာမော…
သောကနဲ့ စီးချင်းထိုး….
မျက်ရည်မိုးတွေ သည်းထန်နေတုန်း...
နှလုံးသားမှာ… ဒဏ်ရာတွေဖြစ်…
မောင် ပစ်ခဲ့တဲ့… ဝေဒနာမြားချက်…
ငါ့ရဲ့ ရင်ထဲ..  နက်လှပါတယ်…။

ချစ်သူ…
နင်ပစ်ရက်မယ်… မထင်ခဲ့ဘူး…
အယုံထူးတဲ့.. ငါ့မိုက်မဲမှု….
အတုနှိုင်းမဲ့ .. သိပ်ချစ်ခြင်းများ.…
တန်ဘိုးမထားတာ… ရင်နာတယ်…။

ဘ၀ ကန္တာ…
ကြမ္မာ ရိုင်းနှင့်..
ကြမ်းသော ရေစက်….
အသက်ဆက် မလွယ်…
ဖြေမယ် ရွယ်ကိုး.. ဆိုးသော ဘ၀…
မဆုံရစေ.. မနေလိုဘူး…
ဘ၀ကူးစေ... မချစ်လဲ နေတော့…
ရေစက်ကို ဖြတ်.. မုန်းတတ်အောင်သင်…
အချစ်ငတ် “ရင်”..
မဖြစ်ချင်ဘူး…….

အထူးတောင့်တ.. မေ့ပါရစေ…..။


ထာဝရ ... "နွေဦးမေ"

★“တမ်းတ ငှက်ငယ်”♪♫

ချစ်သူက ..
သစ်ပင်ဆိုရင် …
ဒို့က.. ငှက်ကလေး တစ်ကောင်ပေါ့.. ချစ်သူရယ် …။

မင်းရဲ့.. ရင်မှာ.. နားခိုရာက …
အနှင်ခံ… ပျံသန်းခဲ့ရပေမဲ့ …
အေးချမ်းမှု အပြည့်နဲ့ ...
ခင်တွယ်ရာ.. ရင်ခွင်ကိုတော့ ...
ထာဝရ… မမေ့နိုင်ပါဘူး… ချစ်သူရယ် ...။

မင်းကတော့ ...
ရင်ခွင်ထဲကို.. ခိုဝင်လာမဲ့ …
ငှက်သစ်ကလေးတွေနဲ့… ပျော်ရွှင်ရင်း …
ဟိုစဉ်တစ်ချိန်က …
နားခိုခွင့် ပေးခဲ့ဖူးတဲ့.. ငှက်ကလေး တစ်ကောင်ကို ...
မေ့လျော့.. ပျော်ရွှင်နေရော့ပေါ့နော် …။

ဒါပေမဲ့…
မင်းရဲ့.. အရင်က … ငှက်ကလေးကတော့ …
အတောင် မညောင်းမချင်း …
အထီးကျန် ငှက်ကလေးတစ်ကောင် အသွင်နဲ့ …
ရင်ခွင်ဟောင်းကို.. တမ်းတရင်း …
သမုဒယ ကောင်းကင်ထဲမှာ …
ပျံသန်းနေဆဲပါ.. ချစ်သူရယ် …..။

ထာဝရ..  "နွေဦးမေ"