Friday, November 2, 2012 | By: Nwae Oo May

★“သောကလမ်းဆုံး"♪♫

ပင်လယ်ကြီးရေ..
ငါရောက်လာပြီလို့...
တိုးတိုးကလေး နှုတ်ဆက်လိုက်ပါတယ်....။
ကျယ်ပြန့်ခြင်း နက်ရှိုင်းခြင်း တို့နဲ့...
ရင့်ကျက် တည်ငြိမ်နေတဲ့.. ပင်လယ်ဟာ..
သက်ပြင်းမော မချတစ်ချနဲ့...
တစ်ရှဲရှဲ အသံပေးရင်း...
ဆားနံ့သင်းသင်း.. လေပြေတစ်ချို့နဲ့...
သူ့ရင်ငွေ့ပေး ဆီးကြိုခဲ့တယ်.....။
ဆုံးစ မထင်တဲ့ ပင်လယ်ပြာပြာ...
မဟာသမုဒ္ဒရာ၌ပင်.. အနားသတ် ကမ်းစပ် ရှိသတဲ့....
ပမာပြု ထပ်တူယှဉ်...
နှလုံးသားတွင်.. ငြိတွယ်ခဲ့သည့်..
မေတ္တာတရားတို့... ပြယုဂ်အဖြစ်..
အဆုံးသတ် မဲ့သော... လွမ်းဆွတ်ခြင်း....
ရင်တွင်း သောက... ဟူသမျှကို...
ပင်လယ်ပြင်ရေ.... ဆေးကြော နှစ်မြုပ်..
အရာရာကို.. သိမ်းဆည်း သိုဝှက်ရာ...
နင့် ရင်ခွင်အောက်မှာ... ဖုံးအုပ်ပေးပါ...
ပရိဒေ၀ မှန်သမျှ... မေ့ချင်တယ်.....။

ထာဝရ "နွေဦးမေ"


★“ ဘ၀ ”♪♫

ပန်းခင်းကိုမြင်..
လေပြေဆင်တော့...
နေချင်စရာ... တစ်သက်တာ..။
ကြင်သူရွယ်စူး..
သက်ငုံဖူးရဲ့..
တွယ်ငြိခဲ့ရာ... တစ်သက်တာ...။
ပင်လယ်လိုရိုင်း..
ဆူးတွေဝိုင်းလည်း..
ဆက်လျှောက်ရမဲ့.. တစ်သက်တာ..။
ချစ်သူကလေး..
အဝေးမှာခွဲ...
ဆယ်နွေကဲသော... တစ်သက်တာ..။

ထာဝရ.. "နွေဦးမေ"

★“သံသရာ သစ္စာ"♪♫

ပင်လယ်…
ကျယ်တယ်ဆိုတဲ့… ဂုဏ်အင်နဲ့…
ဆုံးစ မရှိဘူး ထင်ရပေမဲ့…
အနားသပ် ကမ်းစပ် ကတော့.. ရှိနေခဲ့တယ် ….၊
ဘ၀…
ရှည်လွန်းတယ်.. ဆိုတဲ့ အမြင်…
လျှောက်ရတာ.. ပင်ပန်းတယ် ထင်ရပေမဲ့…
ဇာတိ နဲ့ စ… မရဏ မှာ.. အဆုံးသတ်ပါတယ် .…။

ပင်လယ်…
“သင်ဖျာ”ကလေး ခင်းထားသလို…
လှိုင်းကြက်ခွပ်တို့… တစ်ငြိမ့်ငြိမ့်နဲ့…
တစ်သိမ့်သိမ့်ကလေး.. သာယာနေတတ်တယ်….၊
ဘ၀…
လိုအင် ဆန္ဒ မှန်သမျှ.. ရရှိ….
ငြိမ်းချမ်းခြင်း အတိ ပြီး…
ပျော်ရွှင်ခြင်း အပြည့်နဲ့… ချမ်းမြေ့နေတတ်တယ်….။

ပင်လယ်…
ကြမ်းတမ်းတဲ့.. လှိုင်းတံပိုးထန်…
ဝုန်းဒိုင်းဆန်ခတ်လို့… တွေ့သမျှ ၀ါးမြို….
ဘေးဆိုးတွေ… ပိုစေတတ်တယ်…၊
ဘ၀….
ကြမ္မာက ရိုင်း… ကံက ခိုင်းလို့…
မုန်တိုင်း ဆင်သလို.. ငိုရတဲ့ နေ့တွေ …
လောကဓံ စေ … သောကပွေတတ်တယ်….။

ပင်လယ်….
ဘယ်လောက် ကျယ်ကျယ် .. ဘယ်လို ရိုင်းရိုင်း …
ဖမ်းစားနိုင်တဲ့… ဂုဏ်အင်…
တစ်ကြိမ်မြင်ရုံနဲ့… မခွဲချင်အောင်…. ခင်တွယ်စေတတ်တယ်…….၊
ဘ၀….
ဘယ်လောက် ရှည်ရှည်.. ဘယ်လို ကြမ်းကြမ်း….
လျှောက်လှမ်းရတာ.. ပင်ပန်းပါစေ…
ထူးချင်လဲ ထူး… ရူးရင် ရူးစေ့….
မေ့မေ့မူးမူး.. အထူး တပ်မက်…
ရှင်သန်သက်တော့.. ရှည်ချင်ကြသည် .....။

ဘ၀ ပင်လယ်…
ကျင်လည်တဲ့ အခါ….
ဓန ဒါန..  သီလ ဘာဝနာ….
ဘယ်အရာ… ရရ…. ဘ၀ သမ္ပဇဉ် ….
တပ်မက် နွယ်ငင်… ငြိတွယ် လွယ်သော …
ကာမဇောဖြာ… သံသရာ သစ္စာ…..။

ထာဝရ "နွေဦးမေ"